Saturday, April 9, 2011

PRESS RELEASE (၇-၄-၂၀၁၁) ငလျင်ဘေးသင့် အိမ်ထောင်စုများကို မင်္ဂလာမြန်မာမှ ကူညီလျှက်ရှိ

မင်္ဂလာမြန်မာအဖွဲ့သည် ၂၄- ၃-၂၀၁၁ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သော ငလျင်ဘေးတွင် ခံစားခဲ့သည့် ပြည်သူများအတွက် ယာယီအိမ် (Temporary Shelter) များကို ငလျင်ဘေးသင့် အိမ်ထောင်စု (၄၀၀) ခန့် အတွက် ၇-၄-၂၀၁၁ ရက်နေ့မှစတင်၍ ကူညီဆောက်လုပ် တပ်ဆင်နေပြီ ဖြစ်ပါသည်။ ဤအစီအစဉ်ကို American Jewish Joint Distribution Committee (JDC) မှ အဓိက ထောက်ပံ့ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ မြန်မာNGO ဖြစ်သော မင်္ဂလာမြန်မာ နှင့် ကြွယ်ဇေယျ (KZY) ဖော့ပုံးစက်ရုံ တို့မှ ၀ိုင်းဝန်းကူညီ ထောက်ပံ့ပေးခြင်း ဖြစ်ပါသည်။

အခြားလိုအပ်မည့် အစားအသောက်(Food) နှင့် အသုံးအဆောင်ပစ္စည်းများ(Non Food Item) တို့ကိုလည်း လိုအပ်သည့် အိမ်ထောင်စုများသို့ ထောက်ပံ့လျှက် ရှိပါသည်။

အထက်ပါ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ရှမ်းပြည်နယ်ရှိ ဒေသခံ အဖွဲ့အစည်းများ နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကာ၊ ၄င်းတို့လိုအပ်သော အရည်အသွေးမြှင့်တင်ရေး (Capacity Building) အစီအစဉ်ကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရပ်ရွာလူထုများ ကိုယ်တိုင် ဦးဆောင်သောနည်း ဖြင့် ဘေးအန္တရာယ် လျှော့ချရေး (Disaster Risk Redution) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး (Environment Conservation) လုပ်ငန်းများ ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အထက်ပါအစီအစဉ်များ ဆောင်ရွက်ရာတွင် အခြား ပါဝင်ဆောင်ရွက်သူများ နှင့် မထပ်စေရန် UNOCHA နှင့်လည်း ညှိနှိုင်းဆောင်ရွက်လျှက် ရှိပါသည်။

သို့ဖြစ်ပါ၍ အခြားအဖွဲ့အစည်းများ အနေဖြင့် မိမိတို့ ဆောင်ရွက်နေသော ရွာများ၏ စားရင်းအား မင်္ဂလာမြန်မာသို့ ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဤအစီအစဉ်သို့ ပါဝင်လှူဒါန်းလိုသူများ၊ ပါဝင်ပူးပေါင်း ဆောင်ရွက်လိုသူများကလည်း မင်္ဂလာမြန်မာသို့ ဆက်သွယ်နိုင်ပါကြောင်း အကြောင်းကြား မေတ္တာရပ်ခံ အပ်ပါသည်။

မင်္ဂလာ မြန်မာ