Friday, July 27, 2012

"The Workshop on Curriculum Development and Pedagogy" ခေါင်းစဉ်ဖြင့် Work Shop အား ဆေးတက္ကသိုလ် (၁) ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခြင်း

မြန်မာနိုင်ငံတွင် တက္ကသိုလ်အဆင့် ပညာရေး အဆင့်အတန်းမြင့်တင်ရေး အတွက် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ နှင့် အမေရိကန် နိုင်ငံရှိ Johns Hopkins University တို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများ အနက်မှတစ်ခုဖြစ်သည့် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ နှင့် ပူးပေါင်းပြီး ဆေးဘက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ပူးပေါင်း ဆောင်ရွက်မှု တတိယအကြိမ်မြောက် အဖြစ် “The Workshop on Curriculum Development and Pedagogy” အား U.S. Korea Institute, SAIS, Johns Hopkins University နှင့် မင်္ဂလာမြန်မာတို့၏ ထောက်ပံ့ကူညီဆောင်ရွက်မှုဖြင့် (၂၃ - ၇ - ၂၀၁၂) ရက်နေ့မှ (၂၅ - ၇ - ၂၀၁၂) ရက်နေ့အထိ ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် (၁) တွင် (၃) ရက်တိုင်တိုင် အောင်မြင်စွာကျင်းပပြုလုပ်ြပီးစီးခဲ့ပါသည်။ 
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို (၂၃ -  ၇ - ၂၀၁၂) ရက်နေ့ နံနက် (၈း၀၀) တွင် ဆေးတက္ကသိုလ် (၁)၊ အပန်းဖြေရိပ်သာခမ်းမ (Recreation Centre) ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ထို အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လျှပ်စစ် နှင့် စက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦးမှ တက်ရောက်ချီးမြင့်ခဲ့ပြီး ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် (၁) မှဆရာဝန် (၄၁) ဦး၊ ဆေးတက္ကသိုလ် (၂) မှ ဆရာဝန် (၂၁)ဦး၊ မန္တလေး ဆေးတက္ကသိုလ် မှ ဆရာဝန် (၂၀)ဦး၊ မကွေးဆေးတက္ကသိုလ် မှ ဆရာဝန် (၁၂)ဦး၊ တပ်မတော်ဆေးတက္ကသိုလ် မှ ဆရာဝန် (၂)ဦး၊ ပြည်သူကျန်းမာရေး ဆေးတက္ကသိုလ်မှ ဆရာဝန် (၁)ဦး၊ ဆေးဝါးကျွမ်းကျင်တက္ကသိုလ် မှ ဆရာဝန် (၁)ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မှ ဆရာဝန် (၁)ဦး နှင့် သူနာပြုတက္ကသိုလ် မှ ဆရာဝန် (၁)ဦး၊ စုစုပေါင်း ဆရာဝန် (၁၀၁)ဦး၊ မင်္ဂလာမြန်မာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် တာဝန်ရှိသူတို့လည်း တက်ရောက်ခဲ့ပါသည်။ 
ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန် ဆေးတက္ကသိုလ် (၁)၏ ပါမောက္ခချုပ် ဒေါက်တာသန်းချို မှ အဖွင့်အမှာစကား ပြောကြား ပေးခဲ့ပါသည်။  ထို့နောက် အနုဇီဝဗေဒ ဌာန၏ ပါမောက္ခဌာနမှူးဖြစ်သူ ဒေါက်တာကြည်ကြည်သင်းမှ ယခင်ကျင်းပပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲနှစ်ခုအကြောင်းကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြီးနောက် အမေရိကန် နိုင်ငံ Perdana University Graduate School of Medicine,Johns Hopkins University  မှ Dr. Charles Wiener, Dr. Nichole Shilkofsk, Dr. Juriah Abdullah တို့နှင့် ဆေးတက္ကသိုလ်များ၏ ပါမောက္ခချုပ်ကြီးများ၊ ဆရာဆရာမများ၊ ဧည့်သည်တော်များသည် အမှတ်တရ ဓါတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ နှင့် ဒုတိယနေ့ အား ဆေးတက္ကသိုလ် (၁) ရှိ Presentation Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် အမေရိကန် နိုင်ငံ Perdana University Graduate School of Medicine,Johns Hopkins University  မှ Dr. Charles Wiener, Dr. Nichole Shilkofski နှင့် Dr. Juriah Abdullah တို့မှ ဦးဆောင်၍ ဖိတ်ကြားထားသော ဆေးတက္ကသိုလ် အသီးသီးမှ ဆရာ၊ ဆရာမများက  Curriculum Development and Pedagogy   နှင့်ပက်သက်၍ “The Genes to Society Medical Paradigm Shift”  ,” Framework for Curriculum Development and Overview of Active Learning Strategies”, “Utilizing Standardized Patients For Medical Curricula”, “Developing Goals and Objectives for Medical School Courses”, “Overview of Team Based Learning(TBL)”, “Overview of Clinical Correlations in a Pre-Clinical Medical Student Curriculum: An Example of Curriculum Development in the 6 Step Framework”, “Inter-professional and Multidisciplinary Learning”, “Item Writing for Multiple Choice Question(MCQ) Exams- Dos and Don’ts” အစရှိသော ခေါင်းစဉ်များကို အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲ၏ နောက်ဆုံးနေ့အား ၂၅.၇.၂၀၁၂ ရက်နေ့တွင် ဆေးတက္ကသိုလ် (၁) ရှိ Presentation Hall ၌ အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီး  ခဲ့ပါသည်။
ယခင်ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သော မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ နှင့် အမေရိကန်နိုင်ငံရှိ Johns Hopkins University တို့ ပူးပေါင်း ဆောင်ရွက်မှုပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ “ကလေး နှင့် လူကြီး အသက်ကယ် ပြုစုစောင့်ရှောက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on Adult  and Pediatric Resuscitation Skills For Medical School)” ကို ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် (၁) တွင်  (၂၈ - ၃ - ၂၀၁၂) ရက်နေ့မှ (၃၀ - ၃ - ၂၀၁၂) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဆေးတက္ကသိုလ် (၁) ရှိ Presentation Hall ၌ ပြုလုပ်ခဲ့ပြီး Johns Hopkins University မှ Dr. Nicole Ann Shikosfski နှင့် Dr. Patrick Ryan Sosnay တို့မှ ဦးဆောင်၍ ဖိတ်ကြားထားသော ဆေးတက္ကသိုလ် အသီးသီးမှ ဆရာ၊ ဆရာမများက  Principles of Basic Life Support (BLS) နှင့်ပက်သက်၍ အပြန်အလှန် ဆွေးနွေးမှုများ နှင့် အသက်ကယ်နည်း သရုပ်ပြမှုများ ပြုလုပ်ခဲ့ကြပါသည်။
ဒုတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲဖြစ်သော မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ နှင့် Perdana University Graduate School of Medicine, Johns Hopkins University, တို့ပူးပေါင်းဆောင်ရွက်သည့်  “Collaborative Workshop between University of Medicine – 1 and Perdana Universty School of Medicine and Johns Hopkins University” ကို ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် (၁) တွင်  (၇ - ၅ - ၂၀၁၂) ရက်နေ့မှ (၉ - ၅ - ၂၀၁၂) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအလုပ်ရုံဆွေးနွေးပွဲ အား ဆေးတက္ကသိုလ် (၁) ရှိ Presentation Hall ၌ Johns Hopkins University နှင့် Perdana University Graduate School of Medicine မှ Faculty member များဖြစ်သော Dr. Patti Gravitt နှင့် Dr. Anne Rompalo တို့မှ ဦးဆောင်၍ ဖိတ်ကြားထားသော ဆေးတက္ကသိုလ် အသီးသီးမှ ဆရာ၊ ဆရာမများက  Basic Elements of Clinical research study design   နှင့်ပက်သက်၍ အပြန်အလှန် ဆွေးနွေးမှုများမှုများ ပြုလုပ်ခဲ့ပါသည်။





ရှေ့ဆက်၍ အလုပ်ရုံဆွေးနွေးပွဲ များဆက်လက်ကျင်းပနိုင်ရန် U.S. Korea Institute, SAIS၊ Johns Hopkins University၊ မင်္ဂလာမြန်မာ နှင့် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ မှ တာဝန်ရှိသူများမှ ဆွေးနွေးမှုများပြုလုပ်လျက်ရှိပါသည်။

No comments: