Tuesday, June 12, 2012


ကလေး နှင့် လူကြီး အသက်ကယ် ပြုစုစောင့်ရှောက်ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ 

ဖွင့်ပွဲအား ဆေးတက္ကသိုလ် (၁) ၌ ကျင်းပပြုလုပ်ပြီးစီးခြင်း

မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ နှင့် အမေရိကန် နိုင်ငံရှိ Johns Hopkins University တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် “ကလေး နှင့် လူကြီး အသက်ကယ် ပြုစုစောင့်ရှောက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on Adult  and Pediatric Resuscitation Skills For Medical School)” ကို ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် (၁) တွင်  (၂၈ - ၃ - ၂၀၁၂) ရက်နေ့မှ (၃၀ - ၃ - ၂၀၁၂) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။  အထက်ပါ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးတွင် US. Korea Institute, SAIS, Johns Hopkins University နှင့် မင်္ဂလာမြန်မာတို့မှ ပံ့ပိုးကူညီပေးခဲ့ကြပါ သည်။
          အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို (၂၈ -  ၃- ၂၀၁၂) ရက်နေ့ နံနက် (၈း၃၀) တွင် ဆေးတက္ကသိုလ် (၁)၊ အပန်းဖြေရိပ်သာခမ်းမ (Recreation Centre) ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ထို အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ နှင့် ၀န်ကြီးများ တက်ရောက် ချီးမြှင့်၍ ဆေးတက္ကသိုလ် (၁)၊ ဆေးတက္ကသိုလ် (၂)၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ် တို့မှ ပါမောက္ခချုပ်များ နှင့် ဆရာဝန် အယောက် (၈၀) ကျော်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် တာဝန်ရှိသူတို့လည်း တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန် ဆေးတက္ကသိုလ် (၁)၏ ပါမောက္ခချုပ် ဒေါက်တာ သန်းချို မှ အဖွင့်အမှာစကား ပြောကြား ပေးခဲ့ပါသည်။  ထို့နောက် ၀န်ကြီးချုပ် နှင့် ဧည့်သည်တော်များသည် ဆေးတက္ကသိုလ်(၁) ရှိ Presentation ခမ်းမတွင် ဆေးဘက်ဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများ ထားရှိမှုကို ကြည့်ရှု လေ့လာခဲ့ပါသည်။ ပြီးနောက် ရန်ကုန်တိုင်း ၀န်ကြီးချုပ် နှင့်အတူ အမေရိကန် နိုင်ငံ၊ Johns Hopkins University မှ Dr. Nicole Ann Shikosfski နှင့် Dr. Patrick Ryan Sosnay၊ ဆေးတက္ကသိုလ်များ၏ ပါမောက္ခချုပ်ကြီးများ၊ ဆရာဆရာမများ၊ ဧည့်သည်တော်များသည် အမှတ်တရ ဓါတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့အား ဆေးတက္ကသိုလ် (၁) ရှိ Presentation Hall ၌ Johns Hopkins University မှ Dr. Nicole Ann Shikosfski နှင့် Dr. Patrick Ryan Sosnay တို့မှ ဦးဆောင်၍ ဖိတ်ကြားထားသော ဆေးတက္ကသိုလ် အသီးသီးမှ ဆရာဝန်များ  Principles of Basic Life Support (BLS) နှင့်ပက်သက်၍ အပြန်အလှန် ဆွေးနွေးမှုများ နှင့် အသက်ကယ်နည်း သရုပ်ပြမှုများ ပြုလုပ်ခဲ့ကြပါသည်။ 

 

အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ မင်္ဂလာမြန်မာမှ ဒေါက်တာဖုန်းဝင်း တက်ရောက်ဆွေးနွေးနေပုံ
 

No comments: